မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စကုမြို့ရှိ မိုးလုံလေလုံအားကစားခန်းမအသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

မင်းဘူး ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ရှိ မိုးလုံလေလုံအားကစားခန်းမအသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စကုမြို့မအားကစားကွင်းအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် စကုမြို့ မိုးလုံလေလုံအားကစားခန်းမအသစ်အား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် ဒေသခံမြို့မိမြို့ဖတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပါဝင်အားဖြည့်ကူညီပေးခဲ့သည့် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်ပြီး ခန်းမအတွင်း၌ မိုးလုံလေလုံအားကစားခန်းမအသစ်အား ဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားအောင်မြင်မှုဖြင့် နိုင်ငံဂုဏ်ဆောင်နိုင်ရေး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်များမှသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော အနာဂတ် မျိုးဆက်သစ် လက်ရွေးစင်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး စသည့် မြင့်မားသော မြန်မာ့အားကစား ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ယခုလို (B)အဆင့်ရှိ အားကစားရုံအသစ်ကြီးကို ဆောက်လုပ်ပေးရခြင်းဖြစ်ကြောင်း၊ ယခုအားကစားရုံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုငွေ ၃၇၀ ဒသမ ၆၅၆ ကျပ်သန်းဖြင့် ဆောက်လုပ်ခွင့်ပြုပေးခဲ့ကြောင်း၊ အဆိုပါအဆောက်အဦ၏ အရွယ်အစားမှာ အလျားပေ ၁၂၀၊ အနံပေ ၆၀ နှင့် အမြင့်ပေ ၂၈ ပေ ၉ လက်မရှိကာ အတွင်းပိုင်း၌ ရုံးခန်းတစ်ခန်း၊ အဝတ်လဲခန်းနှစ်ခန်းနှင့် သန့်စင်ခန်းများ ပါဝင်သည့်အပြင် အပြင်ဘက်၌ စက်ရေတွင်း၊ ရေစက်ရုံ၊ မြေအောက်ရေစုကန်နှင့် အမြင့်သံရေစင်များလည်း ပါဝင်ကြောင်း၊ ထို့အပြင် ဘောလုံးအားကစားကွင်းကြီးအတွင်းရှိ ပွဲကြည့်စင်ကိုလည်း ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်က ဆောက်လုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ဒါကြောင့် မြို့မိမြို့များ၊ အားကစားကော်မတီဝင်များနှင့် ဒေသခံပြည်သူများက အားကစားရုံကြီး ရည်ရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ခြင်း၊ အားကစားရုံပတ်ဝန်ကျင်း သန့်ရှင်းသာယာလှပစေရေး၊ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးရေးလုပ်ငန်းများနှင့် နွေရာသီ အားကစားသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ ကျွမ်းကျင်နည်းပြများနှင့်ပူးပေါင်းပြီး အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းအောင်က စကုမြို့ရှိ မိုးလုံလေလုံအားကစားရုံအသစ်အား တည်ဆောက်ပေးနိုင်ခဲ့မှုနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ အားကစားရုံအတွင်း ထည့်သွင်းကျင်းပနိုင်မည့် Indoor အားကစားနည်းများ၊ မြို့၊ ရွာ၊ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဒေသဖွဲ့ဖြိုးရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကာ ဆောက်လုပ်ရေးကုမ္ပဏီမှ လုပ်ငန်းလွှဲပြောင်းမှတ်တမ်းဖိုင်အား တိုင်းဒေသကြီးဦးစီးမှူးထံ လွှဲပြောင်းပေးအပ်၍ အားကစားရုံအသစ် ဆောက်လုပ်ပေးမှုအပေါ် ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စကုမြို့ အားကစားကော်မတီထံ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပြီး တိုင်းဒေသကြီးရိုးရာခြင်းလုံးအဖွဲ့၏ ရိုးရာခြင်းလုံးနှင့် တစ်ပင်တိုင်သရုပ်ပြ  ခြင်းအလှခတ်ကစားပြခြင်းများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ရိုးရားခြင်းလုံးအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တာဝန်ရှိသူများသည် စကုမြို့ ကုတင်(၂၅)ဆံ့ တိုက်နယ်ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအတွင်း၌ ဆေးကုသမှုခံယူနေသော လူနာများအတွက် အလှူငွေနှင့် ကြက်ဥများ ပေးအပ်လှူဒါန်းပြီး တိုက်နယ်ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ တိုးချဲ့ဆောင်အဆောက်အဦ၏ အမိုးမျက်နှာကျက်နှင့် အောက်ခံကြမ်းခင်း ကြွေပြားများပျက်စီးနေမှုကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အဆိုပါဆေးရုံအတွက် ဆေးရုံအုပ်ကြီးထံ ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စကုမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းသို့ ရောက်ရှိပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ လှူဒါန်းသည့် သားဖွားခန်းသုံးပစ္စည်းများနှင့် ဆေးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားကာ ဒေါက်တာမြင့်ဦးမှ ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းရာ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က လက်ခံရယူပြီး အဆိုပါသားဖွားခန်းမှ သူနာပြုသားဖွားဆရာမထံ အဆိုပါ ပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် မိခင်နှင့်ကလေးမူကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် အားဖြည့်အာဟာရအစားအစာ၊ မုန့်များနှင့် အဆိုပါ ကျောင်းမှ ဆရာမများအတွက် တူညီဝတ်စုံများ ပေးအပ်လှူဒါန်းခဲ့သည်။

ထိုမှတစ်ဆင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ရေပုတ်ကျေးရွာ၊ ကွင်းအမှတ် ၁၂၃၇(ခ) သို့သွားရောက်ပြီး တောင်မန်းမြောင်းမကြီး ပေတိုင် ၇၇၁၅၀ ရှိ ဒေသခံတောင်များ၏ စိုက်ပျိုးရေ(ဆည်ရေ)ရရှိရေးအတွက် ဆည်း/မြောင်းဦးစီးဌာနက တောင်သူမြောင်း ရေပေး/ရေချအဆောက်အဦလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)