ပန်းတောင်းမြို့နယ်၌ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပန်းတောင်း ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းသား/သူ၊ မိဘပြည်သူများအနေဖြင့် ကြိုတင်ခန့်မှန်း၍မရနိုင်သော နေ့၊ ည အချိန်မရွေး လှုပ်ခတ်နိုင်ပြီး အဖျက်စွမ်းအားကြီးမားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည့် ငလျင်ဘေးအန္တရာယ်မှ အသက်အန္တရာယ်ကင်းရှင်းစေရေးအတွက် နေထိုင်ပြုမူရမည့် အသိပညာ၊ ဗဟုသုတများကို လေ့လာသိရှိထားရန် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပညာပေးသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အ.ထ.က (ဥသျှစ်ပင်)တွင် ကျင်းပခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရနှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က (ဥသျှစ်ပင်)မှ ကျောင်းသား/သူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားမှုပုံစံများ၊ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုပုံစံတို့ကို သရုပ်ပြတင်ဆက်ခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးမော်မှ ငလျင်ဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ဒုတိယမီးသတ်ဦးစီးမှူး ဦးစိုးသီဟမှ ငလျင်လှုပ်ခြင်းကြောင့်နောက်ဆက်တွဲဖြစ်ပွားနိုင်သော မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးအောင်မိုးဦးမှ CPR လုပ်နည်းနှင့်ပတ်သက်၍ ဟောပြောခဲ့သည်။ ယင်းနောက် ငလျင်ဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)