ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြန်မာနိုင်ငံဂီတနေ့အခမ်းအနားတက်ရောက်

ဘားအံ ဇွန် ၂၇

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာနိုင်ငံဂီတနေ့ အခမ်းအနားကို ဇွန် ၂၇ ရက် နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်သည်။

ဦးစွာ ဂီတအစည်းအရုံးဝင်အမျိုးသမီးများက မင်္ဂလာနံနက်ခင်း တေးသီချင်းဖြင့်အခမ်းအနားကို သီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ မြန်မာနိုင်ငံဂီတအစည်း အရုံး (ဘားအံ)အတွက် ငွေကျပ်  ၁၈၁၄၀၀ဝ ကို ဂီတအစည်းအရုံး(ဘားအံ)ဥက္ကဋ္ဌထံ ပေးအပ်ချီးမြှင့်သည်။

ထို့နောက်  မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ ပေးပို့သောသဝဏ်လွှာကို မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဘားအံ)ဒုတိယဥက္ကဋ္ဌ က ဖတ်ကြားတင်ပြပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး(ဘားအံ) ဥက္ကဋ္ဌက ဂီတအစည်းအရုံး၏ လှုပ်ရှားမှုအကြောင်းကို ရှင်းလင်းတင်ပြကာ ဂီတအစည်းအရုံး အဖွဲ့ဝင်များက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက  တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်အားပေးစကားများပြောကြားသည်။

အလားတူ ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသော ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ) (၁/၂၀၂၅) သင်တန်းဆင်းပွဲကို ဇွန် ၂၇ ရက် မွန်းလွဲ ၂ နာရီက အဆိုပါ သိပ္ပံသင်တန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး  တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက သင်တန်းဆိုင်ရာများကို ရှင်းလင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းတွင် သင်တန်းထူးချွန် ဆုရရှိကြသူများ၊ သင်တန်းထူးချွန် (အထူးဆု) ရရှိကြသူများ၊ သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များ၊ ပလပ်စတစ်ရေတိုင်ကီနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပေးကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီက ရှေးဦးပြုစုခြင်း အထောက်အကူပြု အသုံးအဆောင်ပစ္စည်းများကို ကျောင်းအုပ်ကြီးထံသို့  ပေးအပ်ချီးမြှင့်ရာ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက ကရုဏာသီချင်းဖြင့် သီဆိုဂုဏ်ပြုပြီး   ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  သင်တန်းနည်းပြ၊ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ သင်တန်းမှတ်တမ်းဓာတ်ပုံများနှင့်ရှေးဦးပြုစုခြင်း အထောက်အကူပြု အသုံးအဆောင်ပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)