ထားဝယ် ဇွန် ၂၇
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ(အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲသည် ၂၀၂၅ခုနှစ် ဇူလိုင်၃၀ရက်တွင် ပုသိမ်မြို့၌ကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန်၊ တိုင်းဒေသကြီးကိုယ်စားပြု လက်ရွေးစင်အားကစားသမားများရွေးထုတ်နိုင်ရန်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲမှအရည်အချင်းရှိသော ပိုက်ကျော်ခြင်းအားကစားသမားများကို စိစစ်ရွေးချယ် စခန်းသွင်းလေ့ကျင့်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲကို စေလွှတ်ယှဉ်ပြိုင်သွားမည်ဖြစ်သောကြောင့် ကိုယ်စီကျွမ်းကျင်မှု၊ မဆုတ်နစ်သော ဇွဲ၊ လုံ့လ၊ ဝိရိယ၊ အားမာန်များကိုအရင်းပြုပြီး ကြိုးစားယှဉ်ပြိုင်သွားကြလိုအပ်ကြောင်း၊ ၂၀၁၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသားတတိယဆု၊ ၂၀၁၇ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသားနှစ်ယောက်တွဲ ပထမဆု ဆွတ်ခူးနိုင်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ပိုက်ကျော်ခြင်း အားကစားသမားများအနေဖြင့်အရည်အချင်းပြည့်ဝသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပထမပွဲစဉ်အဖြစ် အမျိုးသားသုံးယောက်တွဲ တနင်္သာရီမြို့နယ်အသင်းနှင့် ဘုတ်ပြင်းမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ရာ ဘုတ်ပြင်း မြို့နယ် အသင်းက အနိုင်ရရှိသည်။
အဆိုပါ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် အမျိုးသားအသင်း ၁၀ သင်း၊ အမျိုးသမီးအသင်းလေးသင်းတို့က ဇူလိုင် ၁ ရက်အထိ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)