မိုးညိုမြို့၌ ငလျင်ဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မိုးညို ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦး‌ဆောင်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(မိုးညို) စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့်‌ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးတို့က အမှာစကား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးသော်ထက်အောင်က ငလျင်‌ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်‌လေ့ကျင့်ခန်း ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု‌အဖွဲ့နှင့် လုပ်ငန်းအဖွဲ့အသီးသီ၏ ဆောင်ရွက်မှုအား ပြသခြင်း၊ ငလျင်လှုပ်နေစဉ် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ငလျင်လှုပ်ပြီး ပြိုကျနေသည့် အဆောက်အဦးအတွင်း လူနာကယ်ထုတ်ခြင်း၊ ရှေးဦးပြုစုခြင်း၊ ဆေးကုသမှုခံယူခြင်း လက်တွေ့သရုပ်ပြခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)