ဝေါ ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ဇွန် ၂၅ ရက်နေ့ မွန်လွဲ(၁)နာရီအချိန်က အခြေခံပညာအလယ်တန်း (အောက်ကွေ့ကြီး) ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းအောင် အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန် ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက ပေါင်းဆက်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ပေးပြီး အ.လ.က အောက်ကွေ့ကြီးကျောင်းမှ Grade(6)ကျောင်းသား မောင်မင်းသော်တာထက်က လွတ်လပ်ရေးရှေ့ဆောင်လမ်းပြဆရာ ဦဥတ္တမ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(6) ကျောင်းသူ မသဒ္ဒါစိုးစံက ကိုကစပြီးခွင့်လွှတ်ဖို့ကြိုးစားပါခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(7) ကျောင်းသူ မယုယသွယ်က စည်းကမ်းသည် လူ၏တန်ဖိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(7)ကျောင်းသူ မခင်စန္ဒာဦးက အောင်မြင်မှုရဖို့ ယုံကြည်မှုလိုတယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(7) ကျောင်းသူ မလင်းလင်းထက်က ပညာ၏တန်ဖိုးခေါင်စဉ်ဖြင့်လည်းကောင်း၊ Grade(8) ကျောင်းသူ မယွန်းနဒီက စိတ်များကို လွတ်ပေးမယ် စသည့်ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)