ဖြူး ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အ.ထ.က(၁)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တောင်ငူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဖြူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အမှိုက်များ ခွဲခြားစွန့်ပစ်ရေးအသိပညာပေး သရုပ်ပြသခြင်းကို ဇွန် ၂၅ ရက်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းရာပြည့်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဖြူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွန်ကြားရေးမှူး ဦးကျော်စွာလင်း၊ တောင်ငူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသီရိကျော်တို့က စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းမပြုလုပ်ရန်၊ စွန့်ပစ်ပစ္စည်းများ၏ ညစ်ညမ်းမှုအန္တရာယ်၊ အမှိုက်များကို စနစ်တကျ အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဖြင့် ညစ်ညမ်းမှုအန္တရာယ်ကို လျော့ကျစေရေးနှင့် ပြန်လည်အသုံးပြုနိုင်ရေးကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး၍ အမှိုက်အမျိုး အစားအလိုက်ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်စိုအစိမ်းရောင်ပုံး၊ အမှိုက်ခြောက်အဝါရောင်ပုံး၊ ပလပ်စတစ်အမှိုက်အပြာရောင်ပုံး၊ ဘေးအန္တရာယ်ရှိအမှိုက်အနီရောင်ပုံးများအတွင်း အမှိုက်ခွဲခြားထည့်စေပြီး လက်တွေ့သရုပ်ပြခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)