မြောင်းမြ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်ပြပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က (၂) ရေတွင်းရေကန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က လူငယ်နှင့်အားကစားအကြောင်းအားလည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဆရာလရောင်လင်း (မြန်မာ့ဂုဏ်ရည်) က လူငယ်နှင့်မူးယစ်ဆေးအကြောင်းအားလည်းကောင်း၊ အမှတ် (၈) ယာဉ်ထိန်းရဲဖွဲ့စုမှ ဒုရဲမှူးညီညီအောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်စိုးစိုးနှင်းက အမှိုက်(၄) မျိုးခွဲခြားစွန့်ပစ်ခြင်းနှင့်ပတ်သက်၍လည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ အ.ထ.က (၂) ရေတွင်းရေကန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ် အေးအေးမာက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် မူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ပြသထားသည့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အ.ထ.က (၂) ရေတွင်းရေကန်ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)