ကျုံပျော် ဇွန် ၂၇
လူငယ်များမူးယစ်ဆေးဝါး၏ဆိုးကျိုးကို သိရှိရှောင်ရှားနိုင်စေရန်အတွက် ကျောင်းသားလူငယ်များထံသို့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၂၅ ရက် ညနေ ၃ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်သို့ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင် စောင်ရေ (၃၅၀) အား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်နှင့် မူးယစ်ဆေးဝါးပညာပေး (ဆောင်ပုဒ်)များ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မောင်ကျေးဇူးရေးသားသော “အဆိပ်ပန်း” (ကဗျာ)၊ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးမှု မှတ်တမ်းဓာတ်ပုံများ၊ ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်(ဆောင်းပါး)၊ မူးယစ်ဆေးဝါးပညာပေး(ကာတွန်း) စသည်တို့ စုံလင်စွာ ဖော်ပြပါရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)