ကန်ကြီးထောင့် ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ် မောင်မယ်များအား အသိပညာဗဟုသုများပိုမိုတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲအား ယမန်နေ့နေ့လယ်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ အမျိုးသားခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲနိုင်လွင်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့်ပတ်သက်၍ အကျယ်တဝင့် ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့မစခန်းမှူး ဒုရဲမှူးကျော်ကျော်လွင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လက်ဝယ်ထားရှိခြင်း၏ ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက စာဖတ်ရှိန်မြင့်တင်ရေးနှင့်ပတ်သက်၍ စာပေများပိုမိုဖတ်ရှုလေ့လာစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များအား ဆက်စပ်၍ ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးတင်မျိုးထွဋ်က အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိသော အမှိုက်များကို စနစ်တကျခွဲခြားစွန်ပစ် တတ်စေရေး အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဝင်းက ကျေးဇူးတင်စကားများပြောကြားခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)