အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်တွင် ကျင်းပ

လွိုင်ကော် ဇွန်

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာတစ်ဝန်းလူသားအားလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာတစ်ခုဖြစ်ပါကြောင်းနှင့် လူသားမျိုးနွယ်စုတစ်ခုလုံး၏ လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းချမှုမှရရှိသည့် ငွေကြေးအကျိုးအမြတ်များသည် နိုင်ငံတော်အတွင်း အကြမ်းဖက်လုပ်ငန်းများကို အရှိန်အဟုန်မြင့်လာအောင် တွန်းအားပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရက နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်း၍ မူးယစ်ဆေးဝါးကင်းစင်သော နိုင်ငံဖြစ်စေရန် အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပြီး မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းစဉ်များတွင် ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ကြရန်လိုကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို အနာဂတ်လူသားအရင်းမြစ်များဖြစ်သည့် ကျောင်းသားလူငယ်များ သိရှိရှောင်ရှားနိုင်စေရန် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ကျယ် တိုးမြှင့်ဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ကယားပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းစိုးအောင်က ဖတ်ကြားသည်။

ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြား၍ အထိမ်းအမှတ်နေ့ ခင်းကျင်းပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ အခမ်းအနားတွင် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အထိမ်းအမှတ်နေ့အဖြစ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များအား တက်ရောက်လာသူများနှင့် အခြေခံပညာကျောင်းများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)