စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

မုံရွာ ဇွန် ၂၇

(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ရုံးများမှ ရဲတပ်ဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများသည် နိုင်ငံဖြတ်ကျော်မှုခင်းနှင့် ဆက်နွယ်လျက်ရှိပြီး နိုင်ငံတော်၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးတို့အား ထိခိုက်လျှက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအား များစွာထိခိုက်စေနိုင်ပြီး ကမ္ဘာနှင့်အဝှမ်း လူသားအရင်းအမြစ်များဆုံးရှုံးမှုများ ဖြစ်ပေါ်လျှက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင်လည်း တားဆီးနှိမ်နင်းရေးလုပ်ငန်းတစ်ခုတည်းနှင့် အောင်မြင်အောင်ဆောင်ရွက်နိုင်မည် မဟုတ်သည့်အတွက် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒအသစ်နှင့်အညီ ပြည်သူလူထုတစ်ရပ်လုံးအား မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးလှုံ့ဆော်မှုများအား ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွဘ်ရေးအတွက် ဘက်ပေါင်းစုံမှ အလေးထားပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။  

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဉက္ကဋ္ဌ ထံမှပေးပို့သောသဝဏ်လွှာအား တိုင်းဒေသကြီးမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဉက္ကဋ္ဌ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ဖတ်ကြားသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးတားဆီးနှီမ်နင်းရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းများအား ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရတပ်ဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး အဆိုပါခန်းမအတွင်း ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရရှိမှုမှတ်တမ်းဓါတ်ပုံများနှင့် အသိပညာပေးမှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)