ရွှေတောင်မြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင် ရွက်သည့် စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ

ရွှေတောင် ဇွန် ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ  ပြည် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသော ရွှေတောင်မြို့၊ မင်းတဲကျွန်း(စံပြ)ကျေးရွာ၊ IT-Center ၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌဦးဟံဝင်းအောင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ရွှေတောင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးမှ   သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ပြီး တက်ရောက်လာသူ များ၊ သင်တန်းသူများနှင့်စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက်(၁၁:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊   ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှခရိုင်ဦးစီးမှူး၊ ဝန်ထမ်းများ၊ နည်းပြဆရာများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသူ(၁၅)ဦးတို့ တက်ရောက်ကြပါသည်။အဆိုပါ စက်ချုပ်နည်းပညာသင်တန်းသို့ သင်တန်းသူ(၁၅) ဦးတက်ရောက်ကြပြီး သင်တန်းတွင် အမျိုးသမီးဝတ်အင်္ကျီအမျိုးမျိုး၊ ဂါဝန်၊ သုံးလွှာစကပ်၊ လေးလွှာစကပ်၊ ချိတ်စကပ်စသည်တို့ကို သင်တန်းကာလမှာ ဇွန်လ ၂၅ ရက်နေ့မှ ဇွန်လ ၂၄ ရက်အထိ (၁)လကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ပြီး မွမ်းမံစက်ချုပ်သင်တန်းကိုလည်း ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ (၁၅) ရက်ကြာ ထပ်မံသင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်မည့်သူ (၅) ဦးအား ဌာနမှ တစ်ဦးလျှင် ငွေကျပ်(၁၄) သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

ကိုကိုမင်း ( ပြန်/ ဆက်)