မြဝတီမြို့ပေါ်ရှိ ဟိုတယ်များမှ ဟိုတယ်ဝန်ထမ်းများနှင့် မိသားစုဝင်များအား Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မြဝတီ  ဇွန်  ၂၇

ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းရှိ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ လုပ်ငန်းလိုင်စင်ရယူထားသော မြဝတီမြို့ပေါ်ရှိ Grade One Hotel၊ Myawaddy Hotel၊ Hotel Yadanar စသည့် ဟိုတယ်အသီးသီးတို့မှလုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ တာဝန်ခံများ၊ ဟိုတယ်ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် Grade One ဟိုတယ်နှင့် Myawaddy ဟိုတယ်တို့၌ ဆောင်ရွက်သည်။

ထိုသို့ ထိုးနှံဆောင်ရွက်ပေးရာတွင် မြဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဆေးရုံ အုပ်ကြီး ဒေါက်တာခင်ဝင်းနှင့် ခရိုင်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောကြည်ကြည်တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူ တစ်ဦးချင်း၏ အချက်အလက်များ ကောက်ယူ၍ Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအားဖြင့် ဖျားနာပါက ကိုဗစ်-၁၉ ရောဂါ၏ ပြင်းထန်မှုနှင့်သေဆုံးမှုကို လျှော့ချပေးနိုင်မည်ဖြစ်ကာ ကာကွယ်ဆေးထိုးနှံရာတွင် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများအား ထိုးနှံပေးလျက်ရှိပြီး ယနေ့တွင် မြဝတီမြို့ပေါ်ရှိ ဟိုတယ်များမှ ဝန်ထမ်းများနှင့် မိသားစုဝင်(၂၃၀)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)