ပေါင်းတည်၌ မိုးသီးနှံ ဖူးစားပြောင်း ၂၁၂၅ ဧက စိုက်ပျိုးပြီးစီး၍ ဖြစ်ထွန်းအောင်မြင်

ပေါင်းတည် ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖူးစားပြောင်းကို မိုးရေ၊ ချောင်းရေ၊ မြေအောက်ရေများဖြင့် သုံးသီးစား သီးထပ်စိုက်ပျိုးကာ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ ယခုမိုးသီးနှံဖူးစားပြောင်းစိုက်ပျိုးမှုတွင် ၃၁၈၈ ဧက စိုက်ပျိုးရန်လျာထားကြောင်း၊ ဇွန်လ ၂၅ ရက်နေ့အထိ ထိုင်ဝမ်ဖူးစားပြောင်း၂၁၂၅ ဧကစိုက်ပျိုးစီးခဲ့ကြောင်း၊ ကျန်ရှိစိုက်ဧကများ ဆက်လက်စိုက်ပျိုးနိုင်ရန် တောင်သူများ စိုက်ပျိုးမြေပြုပြင်လျက်ရှိကြောင်း မြို့နယ် မြေစာရင်းဦးစီးဌာနမှသိရသည်။

ပေါင်းတည်မြို့နယ်၌ ထိုဖူးစားပြောင်းများကို ဥယျာဉ်ခြံမြေများနှင့်ယာမြေများတွင် စိုက်ပျိုးကြပြီး နွေမိုးဆောင်းရာသီသုံးပါးတွင် တစ်ခင်းခုတ် တစ်ခင်းစိုက်စနစ်ဖြင့် သုံးသီးစားစဉ်ဆက်မပြတ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီးလေးလခန့်တွင် စတင်ခူးဆွတ်ရောင်းချကြကြောင်း၊ ဒေသကုန်စိမ်းဒိုင်များနှင့် မြို့နယ်တွင်း ပြောင်းဖူးစျေးကွက်မှ ဝယ်လိုအားကောင်းမွန်မှုကြောင့် တွက်ခြေကိုက်သည့်သီးနှံဖြစ်လာကာ စိုက်ပျိုးသူများပြားလာကြပြီး စိုက်ပျိုးသူများသာမက ဝယ်ယူရောင်းချသူများပါ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ယခု ၂၀၂၅ခု နှစ် မိုးသီးနှံဖူးစားပြောင်းစိုက်ပျိုးခဲ့ရာတွင် ပြောင်းစိုက်ခင်းတစ်ဧကအတွက် စုစုပေါင်းငွေကျပ် သုံးသိန်းခွဲခန့်ကုန်ကျခဲ့ကြကြောင်း၊ မြို့နယ်အတွင်းဒေသစျေးကွက်ဖြစ်သော ရန်ကုန်-ပြည်ကားလမ်းတစ်လျှောက် ပြောင်းဖူးမီးဖုတ်နှင့် ပြောင်းဖူးစိမ်းများ ရောင်းချခြင်းဖြင့် ပြောင်းစိုက်တောင်သူများအနေဖြင့် တစ်နှစ်ပတ်လုံးဝင်ငွေရရှိကာ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရွှေသား