ကသာ ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ(၂)နာရီအချိန်က ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စောကလျာက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ မူးယစ်ဆေးဝါးစတင်လာမှုသမိုင်းကြောင်းနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူးဒေါ်ငြိမ်းအိအိဖြိုးက မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးမသုံးစွဲရန်အတွက် ဆောင်ရန်ရှောင်ရန်များတို့ကို ဟောပြောခဲ့ကြသည်။ ကျောင်းသား/ ကျောင်းသူများအနေဖြင့် အနာဂတ်ဘဝလှပနိုင်ရေးအတွက် မူးယစ်ဆေးဝါးကင်းစင်ရန် လိုအပ်ကြောင်းနှင့် မူးယစ်ဆေးဝါး လျော့နည်းပပျောက်စေရန်အတွက် ကျောင်းသား/ကျောင်းသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်းတို့ကိုလည်းပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာဆရာမများ၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ(၁၀၉)ဦးတို့ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲလင်းထွန်း(ကသာ)