ထားဝယ်မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

ထားဝယ်  ဇွန်  ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထက်နောင်က နိုင်ငံအသီးသီးတွင် အစိုးရကနိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံးအတွက် ကျန်းမာရေး၊ ပညာရေး၊စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးစသည့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးလုပ်ငန်းများကို ငွေကြေးများကျခံသုံးစွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရကကျခံသုံးစွဲနိုင်ရန်အတွက် ပြည်သူများက နိုင်ငံသားတစ်ဦး၏ အခြေခံတာဝန် တစ်ရပ်အနေဖြင့်ဥပဒေနှင့်အညီ အခွန်အကောက်များကို နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေသို့ ပေးဆောင်ထည့်ဝင်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းမွန်သည့် အခွန်စနစ်တစ်ရပ်ဖြစ်စေရေးအတွက် အခွန်နှုန်းထားများတည်ငြိမ်မှုရှိစေရေးကို အခြေခံပြီးလက်ရှိ  ကောက်ခံနေသည့်အခွန်နှုန်းထားများကို တိုးမြှင့်ခြင်းမပြုဘဲ အခွန်ကောက်ခံရေးနယ်ပယ်များကို ချဲ့ထွင်၍ကောက်ခံရေး မူဝါဒများချမှတ်ကာ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အခွန်ထမ်းများအနေဖြင့် တာဝန်သိသိလိုလားစွာဖြင့် အခွန်ပေးဆောင်စေရန်နှင့် အခွန်ထမ်းမဖြစ်သေးသူများအားအခွန်ထမ်းဖြစ်လာစေရေး တိုးချဲ့ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းနှင့် ရွှေဆိုင်များမှ ပြေစာများထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်ထားဝယ်မြို့နယ် အခွန်ဦးစီးဌာနမှူးက  ပြေစာများအပေါ်အခွန်အမှတ် တံဆိပ်ကပ်နှိပ်ခြင်း ဆိုင်ရာ သိကောင်းစရာများ၊ အခွန်အကြောင်းသိကောင်းစရာများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ ထားဝယ်မြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)