အောင်လံမြို့၌ လယ်ယာကဏ္ဍသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးနှင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

အောင်လံ ဇွန် ၂၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် လယ်ယာကဏ္ဍသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးနှင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် သီးနှံစိုက်စွမ်းအားမြင့်မားရေးအတွက် သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် အဓိကသီးနှံများဖြစ်သည့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ဝါ၊ ကြံသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဌာနနှင့် တောင်သူများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သီးနှံအလိုက်၊ ရက်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို လက်တွေ့ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတောင်သူ(၇၀)ဦး  တက်ရောက်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)