ပွင့်ဖြူ ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်အတွက် မဲဇလီရေလွှဲဆည်ရေဖြင့် မိုးကြိုပဲတီစိမ်းများကို အားထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေဖူလုံမှုကြောင့် မိုးကြိုပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် သီးနှံအထွက်နှုန်းကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်း ၂၆၀၄ ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက မတ်လမှစတင်၍ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးကြိုပဲတီစိမ်းကို ကြိုးပမ်းစိုက်ပျိုးခဲ့ရာ ယနေ့ထိ ၆၂၅၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ စိုက်ပျိုးရေဖူလုံမှုကြောင့် ပဲတီစိမ်းစိုက်ခင်းများမှာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်အတွင်း ပဲတီစိမ်း ၂၆၀၄ ဧက လျာထားစိုက်ပျိုးခဲ့ရာ ဒီနေ့ထိ ၆၂၅၈ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်။ တောင်သူတွေက ပဲတီစိမ်းစိုက်ပျိုးခြင်းကို လျာထားစိုက်ဧကပြည့်မီစေရန်အတွက် မဲဇလီရေလွှဲဆည်ရေဖြင့် မတ်လမှစတင်ကာ မိုးကြိုသီးနှံအဖြစ် စိုက်ပျိုးခဲ့ကြလို့ လျာထားစိုက်ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ပဲတီစိမ်းစိုက်ခင်းတွေဟာ စိုက်ပျိုးရေ ဖူလုံတဲ့အပြင်ပိုးမွှားကျရောက်မှုလဲမရှိတဲ့အတွက် အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ လက်ရှိမှာ တောင်သူတွေက ပဲတီစိမ်းစိုက်ခင်းတွေ သီးနှံအထွက်နှုန်းကောင်းမွန်ဖို့နဲ့ အရည်အသွေးကောင်း သီးနှံများရရှိဖို့အတွက် လိုအပ်တဲ့ စိုက်ပျိုးရေးသွင်းအားစုများထည့်သွင်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းစတဲ့လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်းစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ပဲတီစိမ်းစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်စေရေး၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး၊ အရည်အသွေးကောင်းသီးနှံများထွက်ရှိရေးအတွက် စိုက်ခင်းများအတွင်း ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
ပဲတီစိမ်းသီးနှံကို အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေနိုင်မည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ပဲတီစိမ်းသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးရေး ဒေသမရွေးကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)