ဆင်ပေါင်ဝဲမြို့နယ် ကျားထူးစမ်းကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

ဆင်ပေါင်ဝဲ ဇွန် ၂၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေးခြင်းကို ယနေ့ ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ကျားထူးစမ်းကျေးရွာအုပ်စုမှ တောင်သူ (၁၄၃)ဦးတို့၏  စပါးသီးနှံ ဧက (၄၁) ဧက၊ အခြားသီးနှံဧက (၈၆၃) ဧကအတွက် ချေးငွေကျပ် (၉၂၄.၅၀)သိန်းအား ထုတ်ချေးပေးခဲ့သည်။

ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးစန်းသော်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက် စပါး (၁)ဧက ငွေကျပ် တစ်သိန်းငါးသောင်းနှုန်း၊ နှမ်း (၁) ဧက ငွေကျပ်တစ်သိန်းနှုန်းတို့ကို အတိုးနှုန်းငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးမှာဖြစ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ရှိသည့် တောင်သူများကိုသာ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးသော ကျေးရွာတောင်သူများကို သီးနှံအာမခံထားရှိရေး၊ စည်းရုံးရှင်းလင်းခြင်းနှင့်ကျေးရွာတောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါစည်းကမ်းချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ထိုသို့ ထုတ်ပေးရာတွင် ငွေကျပ် သိန်းပေါင်း သုံးထောင်ထုတ်ချေး​ပေးရန်လျာထားပြီး ယနေ့အထိ ကျေးရွာအုပ်စု (၆)အုပ်စုမှ တောင်သူ (၄၃၉)ဦး၏ စုစုပေါင်း စိုက်ဧက(၂၇၈၀) ဧကအတွက် ငွေကျပ်(၂၉၀၄.၀၀) သိန်းအား ထုတ်ချေးပေးပြီးဖြစ်ပြီးကျန်ရှိနေသောကျေးရွာအုပ်စုများမှ တောင်သူများကိုလည်းဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)