ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပခုက္ကူ ဇွန် ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နံနက် ၁၁ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာဗဟုသုတပြည့်စုံကြွယ်ဝစေရေးအတွက် အလွယ်ကူဆုံးနှင့်အထိရောက်ဆုံးလုပ်ငန်းသည် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းပင်ဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် မျိုးဆက်သစ်သားကောင်းရတနာများဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တနှင့် ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငယ်ရွယ်စဉ်ကပင် စာအုပ်စာပေကောင်းများ လေ့လာဖတ်ရှုကြရန်လိုအပ်ပါကြောင်း၊ စာအုပ်စာပေဟုဆိုရာတွင် မည်မျှပင် နှစ်ကာလကြာမြင့်သည်ဖြစ်စေ မဖတ်ရှုရသေးပါက မိမိအတွက်အသစ်ပင်ဖြစ်၍ အသိပညာဗဟုသုတများပေးစွမ်းနိုင်ကြောင်း၊ မိမိတို့ဖတ်ရှုမှတ်သားခဲ့သည့် အသိဉာဏ်ပညာဗဟုသုတများကို အချင်းချင်းလက်ဆင့်ကမ်း မျှဝေတတ်ခြင်းသည် ကောင်းမွန်သော လူ့ဘောင်အဖွဲ့အစည်းဖြစ်ထွန်းစေပါကြောင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေ(စာကြည့်တိုက်မှူး)က ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာသင့်သည့် စာအုပ်များနှင့် စာအုပ်စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ ဗန်မော်တင်အောင်ရေးသားထုတ်ဝေထားသည့် “ငဩစာအုပ်”တွင်ပါဝင်သည့် ဇာတ်ကောင်များ၏စရိုက်များနှင့် ဇာတ်လမ်း၊ ဇာတ်ကွက်များ၊ စာအုပ်အပေါ်အမြင်နှင့် ခံစားချက်များ၊ စာအုပ်၏အားသာချက်၊ အားနည်းချက်များအကြောင်းတို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းဇာနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ဆွေးနွေးမှုအပေါ်သိရှိလိုသည်များမေးမြန်းကာ ပြန်လည်ဆွေးနွေးခြင်း၊ မြန်မာ့ရိုးရာစကားပုံနှင့် စကားဆက်ဆိုင်ရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)