တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

နေပြည်တော် ဇွန် ၂၆

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို တောင်ငူခရိုင်အတွင်းရှိ အုတ်တွင်းမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ထန်းတပင်မြို့နယ်နှင့် တောင်ငူမြို့နယ်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဇွန်လ ၂၄ ရက်နေ့တွင် အုတ်တွင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ ရေတာရှည်မြို့ အမှတ်(၄) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတို့တွင်လည်းကောင်း၊ ဇွန်လ ၂၅ ရက်နေ့တွင် တောင်ငူမြို့ရှိ အ.ထ.က (၁)နှင့် အ.ထ.က (၄)တို့တွင်လည်းကောင်း၊ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ထန်းတပင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ ဖြစ်သည့် မဟာဗျူဟာ (၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ ပေးပို့သည့် "တရားမဝင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုကို တားဆီးနှိမ်နင်း" သဝဏ်လွှာ ကောက်နုတ်ချက်၊ "ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်"၊ "မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ"၊ "မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ"၊ "ကမ္ဘာ့ပြဿနာမူးယစ်ဆေး တစ်ကမ္ဘာလုံးတိုက်ဖျက်ပေး" ဆောင်ပုဒ်၊ "အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့" ဆောင်ပုဒ်၊ စာရေးဆရာမောင်ကျေးဇူး ရေးသားသည့် အဆိပ်ပန်းကဗျာနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ထားသည့် မှတ်တမ်းဓါတ်ပုံများ၊ ကာတွန်းများ ထည့်သွင်း ရေးသားဖော်ပြထားကြောင်း သိရသည်။

ထိုသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုကြောင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။