ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

နေပြည်တော် ဇွန် ၂၆

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ပြည်ခရိုင်အတွင်းရှိ ပေါင်းတည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ သဲကုန်းမြို့နယ်နှင့် ပြည်မြို့များရှိ အခြေခံပညာကျောင်းများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဇွန်လ (၂၅) ရက်နေ့တွင် ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပေါင်းတည်မြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် မြို့မစျေးအနီး လူစည်ကားရာနေရာများတွင်လည်းကောင်း၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က (ရွှေတောင်) ကျောင်း၌လည်းကောင်း၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က (သဲကုန်း) ကျောင်းရှိ  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင်လည်းကောင်း၊ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက PEC ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင်လည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်များ၊ မဟာဗျူဟာ ၂ ရပ်၊ နည်းဗျူဟာ ၃ ရပ်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ ကမ္ဘာ့ပြဿနာမူးယစ်ဆေး တစ်ကမ္ဘာလုံးကတိုက်ဖျက်ပေး၊ ကာကွယ်ကုသပြန်လည်ထူထောင်လို့ မူးယစ်ကွင်းဆက်ဖြတ်တောက်စို့ အသိပညာပေးဆောင်ပုဒ်များ၊ အဆိပ်ပန်းကဗျာနှင့် ပညာပေးကာတွန်းများ ဖော်ပြပါရှိကြောင်း သိရသည်။