တမူး ဇွန် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က တမူးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ထံမှပေးပို့သည့် သဝဏ်လွှာအား တမူးခရိုင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင် အုပ်ချုပ်ရေးမှူးဦးသိုက်ထွန်းက ဖတ်ကြားခဲ့ပြီး ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဒုတိယဥက္ကဋ္ဌ တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်မင်းမှ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဧည့်သည်တော်များမှ မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား ကြည့်ရှုလေ့လာခဲ့ကြရာ တမူးခရိုင် ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇော်ထွန်းနှင့်အဖွဲ့မှ ရှင်းလင်းပြောကြားခဲ့ပြီး ဘိန်းဖြူ (၀.၀၂၄) ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား (၆၉၉) ပြား၊ Tramadol (၄၇၉၉၈) တောင့်၊ Alprazolam (၉၈၉၆) ပြား၊Midazolam (၁၉၉၅) ပုလင်း စုစုပေါင်း (၅၀၁.၅၀၇) သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ ဖျက်ဆီးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရတနာ