ထားဝယ် ဇွန် ၂၆
ယနေ့ကျရောက်သည့်ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်တို င်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်း က ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနားများကို ၂၀၁၉ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ ယခုနှစ် ဆောင်ပုဒ်မှာ "အအေးပေးနည်းပညာ ကျွမ်းကျင်မှုမြှင့်တင်ရေး အလေးထားဆောင်ရွက်ပေး Cool Skills" ဖြစ်ကြောင်း၊ ကမ္ဘာကြီးကို အေးမြမှု၊ နွေးထွေးမှု၊ သက်သောင့် သက်သာရှိမှုနှင့် ရေရှည်တည်တံ့စေမည့် နည်းပညာများကို ဖန်တီးပေးခဲ့သည့် ထူးခြားစွမ်းရည်ရှိသော လူသားများ၏ကျွမ်းကျင်မှု၊ လက်ဆင့်ကမ်း နည်းပညာရှင်များနှင့် အင်ဂျင်နီယာများ၊ သင်တန်းဆရာများ၊ သုတေသီများ ဆန်းသစ်တီထွင်သူများအားလုံးကို ဂုဏ်ပြုပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အအေးပေးနည်းပညာကျွမ်းကျင်မှု မြှင့်တင်ရေးသည်အရေးပါသည်ကို မီးမောင်းထိုးပြသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပလျက်ရှိကြောင်း၊ အအေးပေးစနစ်များသည်လူသားများ၏ ကျန်းမာရေး ကောင်းမွန်စေရန်၊ သက်သောင့်သက်သာ ရှိစေရန်၊ ကုန်ထုတ်လုပ်မှု တိုးတက်အောင် လုပ်ဆောင်နိုင်ရန်နှင့် မရှိမဖြစ်လိုအပ်သော အစားအစာ၊ ဆေးဝါးနှင့်ဒစ်ဂျစ်တယ်ဒေတာအချက်အလက်များဖန်တီးပေးနိုင်သည့်အလျောက် နည်းပညာများတစ်ဆင့်ပြီးတစ်ဆင့် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းအားဖြင့် နောင်လာနောက်သားများအတွက် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု တားဆီးလျှော့ချနိုင်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးအရာရှိ ဒေါ်ခိုင်ဇာသွယ် က ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ဖြစ်ပေါ်လာပုံ၊ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်၊ ကမ္ဘာပေါ်တွင်အအေးပေးပစ္စည်းများ အသုံးပြုမှုအခြေအနေ၊ အအေးပေးဒြပ်ပစ္စည်းအမျိုးမျိုး၊ အအေးပေးဒြပ်ပစ္စည်းများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ ဆိုးကျိုးများကိုကာကွယ်ရန် နိုင်ငံတကာ၏ဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှု၊ အအေးပေးပစ္စည်းများ အသုံးပြုရာတွင် လိုက်နာရမည့် အချက်စသည်တို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက အသိပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေပေးပြီး စွန့်ပစ်အမှိုက်များကိုစနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံး (၄)ပုံး ပေးအပ်ခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)