သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

နေပြည်တော် ဇွန် ၂၆

ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို သာယာဝတီခရိုင်အတွင်းရှိ နတ်တလင်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ လက်ပံတန်းမြို့နယ်၊ ဇီးကုန်းမြို့နယ်များရှိ အခြေခံပညာကျောင်းများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ဇွန်လ (၂၆) ရက်နေ့ နံနက်ပိုင်းက နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှဝန်ထမ်းများမှ အ.ထ.က (မြို့မ)ကျောင်းနှင့် အ.ထ.က(နတ်တလင်း)ကျောင်း၌ လက်ကမ်းစာစောင်(၅၀၀)စောင်အားလည်းကောင်း၊ ဇွန်လ ၂၅ ရက်နေ့တွင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဇီးကုန်းမြို့နယ်၊ အ.ထ.က (မြို့မ) ကျောင်း၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများနှင့် ပြည်သူလူထုထံသို့လည်းကောင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အခြေခံပညာကျောင်းများနှင့် မြို့မဈေးတို့၌ သတင်းစကားလက်ကမ်းစာစောင် စောင်ရေ (၅၀၀) အားလည်းကောင်း၊ လက်ပံတန်းမြို့ရှိ အထက(၁) ကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်၌လည်းကောင်း သတင်းစကားလက်စောင်များအား ကျောင်းသား/သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင် (ဆောင်းပါး)၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မဟာဗျူဟာ (၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ ကာကွယ်ကုသပြန်လည်ထူထောင်လို့ မူးယစ်ကွင်းဆက်ဖြတ်တောက်စို့၊ ဆရာမောင်ကျေးဇူးရေးသားထားသော "အဆိပ်ပန်း" (ကဗျာ)၊ အနာဂတ်ပန်းများ ပွင့်လန်းဖို့မူးယစ်အန္တရာယ်ကာကွယ်စို့၊ ကမ္ဘာ့ပြဿနာမူးယစ်ဆေးတစ်ကမ္ဘာလုံးက တိုက်ဖျက်ပေး၊ တရားမဝင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုကို တားဆီးနှိမ်နင်း စသည့် ဆောင်ပုဒ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်ပညာပေးကာတွန်းအစရှိသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးအကြောင်းအရာများ ပါရှိကြောင်းသိရသည်။