ဓနုဖြူ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှု၊ သွေးဆောင် ဖြားယောင်းခိုးယူမှုများကို ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲကို ယနေ့ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင် ဒေါ်ခင်စုပြည့်က အမျိုးသမီးများဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဌေးက တရားမဝင်လူကုန်ကူးမှု၊ သက်ငယ်မုဒိန်းမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှု အကြောင်းအရာများကို အသိပညာပေးပြောကြားခဲ့ပြီး၊ မြို့နယ်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ရဲတပ်ကြပ်လှမျိုးအောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေးဟောပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေးက အမှာစကားပြောကြားခဲ့ပြီး၊ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်၊ စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့သည်။ ထို့နောက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးလက်ကမ်းစာစောင်များ၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များနှင့် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ (၃၁၀) ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)