ကန့်ဘလူမြို့နယ်၌ အောင်နိုင်တိုးနွေစပါး စံကွက်ရိတ်သိမ်းခြင်း ကွင်းပြပွဲကျင်းပပြုလုပ်

ကန့်ဘလူ ဇွန် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့် နွေစပါး(အောင်နိုင်တိုး)များအား အထွက်နှုန်းမှတ်တမ်း တင်နိုင်ရန် ၀ ဒသမ ၁၀ ဧက စံကွက်ရိတ်သိမ်းခြင်းကွင်းပြပွဲကို ဇွန် ၂၅ ရက်နံနက် ၁၀ နာရီက ကန့်ဘလူမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စု ညောင်ပင်ကြီးကျေးရွာ ကွင်းအမှတ် ၅၉၂၊ ဦးပိုင်အမှတ် ၁၂၆ တောင်သူ ဦးဟန်ဝင်းဘို၏ အောင်နိုင်တိုးနွေးစပါးစိုက်ကွင်းတွင် ကျင်းပသည်။

အဆိုပါစံကွက်ရိတ်သိမ်းပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်လှကြိုင်က နွေးစပါးတစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားလာစေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စပါးစိုက်ဧကတိုးတက်ပြီး အထွက်နှုန်းတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ မျိုးကောင်းမျိုးသန့်များထုတ်လုပ်ခြင်း၊ ရာသီဥတုကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ပြောင်းလဲလာသောရာသီဥတုနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးနည်းစနစ်များကို တောင်သူများအသုံးပြုလာကြခြင်းဖြင့် တောင်သူများဝင်ငွေတိုးကာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ခေတ်မီစပါးရိတ်သိမ်းစက် ကူဘိုတာစက်ကြီးဖြင့် ရိတ်သိမ်းဆောင်ရွက်ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်လှကြိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးခင်ဇော်နှင့်ဝန်ထမ်းများ၊ စက်မှုလယ်ယာဦးစီးမှူး ဦးတင်မောင်ထွန်း၊ ခရိုင်နှင့်မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်နှင့်ဝန်ထမ်းများ၊ ညောင်ပင်ကြီးကျေးရွာနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ တောင်သူများ တက်ရောက်ကြည့်ရှုခဲ့ကြပြီး ၀ ဒသမ ၁၀ ဧကကို ရိတ်သိမ်းဆောင်ရွက်ရာ စပါးအစို ၁၃၀ တင်း၊ အခြောက်အနေဖြင့် ၁၂၅ ဒသမ ၄၆ တင်းထွက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် အောင်နိုင်တိုးစပါးမျိုးအား နွေစပါးစိုက်ပျိုးရာသီ၌ ၁၀ ဧက စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ပြီး အထွက်နှုန်းကောင်း၊ စျေးကွက်ကောင်းပြီး စားသုံးသူများ ကြိုက်နှစ်သက်မှုရှိပါက လာမည့်မိုးသီးနှံစိုက်ပျိုးရာသီတွင် စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ကန့်ဘလူမြို့နယ်၌ နွေစပါးစိုက်ပျိုးရာသီတွင် ၂၂၆၅၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အထိ နွေစပါး ၉၂၁၅ ဧက ရိတ်သိမ်းပြီးဖြစ်ကာ အထွက်နှုန်းအနေဖြင့် တစ်ဧကပျမ်းမျှ ၈၃ ဒသမ ၈၄ တင်းထွက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)