ဒေးဒရဲ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာတိုးပွားစေရေးနှင့် သတိထားရှောင်ကြဥ်ရမည့် မူးယစ်ဆေးဝါး အန္တရာယ်များကို သိရှိနိုင်စေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် အခြေခံပညာမူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲများအား ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနားလည်နိုင်စေရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးသိန်းလှိုင်က မူးယစ်ဆေးဝါး စတင်ဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဥ်နိုင်ဖွယ်အချက်များ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို အကျယ်တဝင့် ဟောပြောခဲ့သည်။ ဆက်လက်ပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင် ဒေါမိုးသီတာအောင်က မူးယစ်ဆေးဝါးအန္တရာယ် ဝိုင်းဝန်းကာကွယ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု အထိမ်းအမှတ် အခြေခံပညာမူလတန်းအဆင့် ကဗျာရွှတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်တစားလေ့လာခဲ့ကြကြောင်း သိရသည်။
အေဇာလင်း