မြန်အောင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

မြန်အောင် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဥ်ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် အခြေခံပညာမူလတန်းအဆင့် ပန်းချီ၊ စာစီစာကုံး၊ ကဗျာရွတ်ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း အကြောင်းရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးတင်ဝင်းက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခြေခံပညာမူလတန်းအဆင့် ပန်းချီ၊ စာစီစာကုံး ၊ကဗျာရွတ်ပြိုင်ပွဲတ့င် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်း၊ မြို့နယ်အခွန်ဦးစီးမှူး ဒေါ်စန္ဒာ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးဝါတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားတွင် စာစီစာကုံးပြိုင်ပွဲ၌ ပထမဆုရ အ.မ.က တာကြီးတန်းကျောင်း Grade-5 မှ မောင်ဥာဏ်ပြည့်အောင်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမဆုရ အ.မ.က တာကြီးတန်းကျောင်း Grade-4 မှ မခွန်းဆင့်ခတ္တာတို့က ဆုရစာစီစာကုံးနှင့်ကဗျာတို့အား ပြန်လည်ရွတ်ဆိုခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်အားပြသ၍ သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။

ဝင်းဗိုလ်