ဘားအံမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲဆုချီးမြှင့်

ဘားအံ ဇွန် ၂၆

ခရစ်ကက်အားကစားနည်းဖြင့် ပြည်နယ်နှင့်နိုင်ငံဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သော ထူးချွန်ထက်မြတ်သည့် ရွက်ပုန်းသီးအားကစားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ် ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဘားအံမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၂၆ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ အမျိုးသားခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းအသင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရစ်ကက်အားကစားဝါသနာရှင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းအသင်းက ၂၆ မှတ် ၂၅ မှတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များက အမျိုးသမီးခရစ်ကက်ပြိုင်ပွဲတွင် ပူးတွဲ တတိယဆုရရှိသည့်အသင်းများနှင့် ဒုတိယဆုရရှိသည့်အသင်းကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးကျော်ကျော်တို့က အမျိုးသားခရစ်ကက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရအသင်းများနှင့် ဒုတိယဆုရအသင်းတို့ကို လည်းကောင်း  ဆုတံဆိပ်၊ ငွေသားဆုနှင့်ဆုဖလားများကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက က အမျိုးသမီးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သော တောင်ကလေးအခြေခံပညာ အထက်တန်းကျောင်းအသင်းအား ဆုတံဆိပ်၊ ဆုငွေ ၅ သိန်းကျပ်နှင့် ဆုဖလားတို့ကိုပေးအပ် ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသားခရစ်ကက်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းအသင်းအား  ဆုတံဆိပ်၊  ဆုငွေ (၅)သိန်းကျပ်နှင့်တံခွန်စိုက် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အမျိုးသား/အမျိုးသမီး ခရစ်ကက်အသင်း ၁၀ သင်း အားကစားသမား ၃၀၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ခရစ်ကက်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)