ကလေးမြို့တွင် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

ကလေး ဇွန် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ၊ ဦးကျော်စိုးတင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှပေးပို့သော သဝဏ်လွှာအား ကလေးခရိုင်ရဲတပ်ဖွဲ့၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးအောင်ဝင်းနိုင်မှ ဖတ်ကြားခဲ့သည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကလေးခရိုင်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့အား ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများကို ကလေးခရိုင် စီမံအုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက်အခမ်းအနား တက်ရောက်လာသူများမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါအခမ်းအနားသို့ ကလေးခရိုင်/မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကလေးခရိုင်/မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အခြေခံပညာကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)