လှိုင်းဘွဲမြို့၌ (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကျင်းပ

လှိုင်းဘွဲ ဇွန် ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲကလှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဝတ်မှုံခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က နိုင်ငံအားလုံးမှာ မူးယစ်ဆေးဝါးပြဿနာနှင့်ကြုံတွေ့နေလျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဇွန်လ(၂၆)ရက်နေ့ရောက်တိုင်း မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်အမှတ်အဖြစ် ကျင်းပခဲ့ကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် ကုလသမဂ္ဂ ကွန်ဖရန့်ရှင်းစာချုပ်တွင် လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု အမြစ်ဖြတ် နှိမ်နင်းနိုင်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း ပြောကြားပြီးနောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့် ဦးဆောင်၍ အခြေခံပညာအထက်တန်းကျောင်းမှ စောလွင်အောင်အောင်၊ စောအောင်ဇော်ထွန်း၊ မထွန်းလင်းရတနာ၊ မစုလင်းလဲ့ခိုင်နှင့်မမေရတီမင်းတို့က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြကာ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲမှူး၊ မြို့နယ်ဥပဒေအရာရှိနှင့် တာဝန်ရှိသူတို့က အသီးသီးပြန်လည်ဖြေကြားခဲ့ကြပြီး အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပသော (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခြင်းနှင့် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

စောဒိ(ပြန်/ဆက်)