ဓနုဖြူမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ဓနုဖြူ ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး၊ စုစုပေါင်း(၂၀)ဦးတို့က “မြန်မာအမျိုးသမီးများနေ့”၊ “မြန်မာအမျိုးသမီးထု၏ အင်အားအရေးကြီးပုံ”စသည့် ခေါင်းစဥ်များဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။ အဆိုပါ စာစီစာကုံးပြိုင်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေး၊ ဆရာ၊ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်တို့မှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်