ကရင်ပြည်နယ်၌ ငါးလအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၇၈ မှု၊ ကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၉ ဘီလီယံ၊ တရားခံပေါင်း ၁၁၇ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့

ဘားအံ ဇွန် ၂၆

ကရင်ပြည်နယ်အတွင်း နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိလာသော မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာနယ်မြေ အလိုက် စီမံချက်များရေးဆွဲ၍ နေ့စဉ်ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ မူးယစ်ဆေးဝါးအမှုပေါင်း ၇၈ မှု၊ ကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၉ ဘီလီယံ၊ တရားခံပေါင်း ၁၁၇ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ဇွန် ၂၆ ရက် နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပသည့် (၃၈)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှ သိရသည်။

ကရင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုပြဿနာနှင့်မူးယစ်ဆေးဝါးထုတ်လုပ်မှုမရှိသလောက် နည်းပါးသော်လည်း တရားမဝင်နယ်စပ်ဖြတ်ကျော်၍ ထိန်းချုပ်ဓာတုဗေဒပစ္စည်းများ သယ်ဆောင် ရောင်းဝယ်မှု၊ ရွှေ့ပြောင်းအလုပ်သမား ပြဿနာနှင့် နည်းလမ်းမျိုးစုံဖြင့်ရောက်ရှိလာသော ဒေသတွင်းမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ တားဆီးနှိမ်နင်းရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မူးယစ်ဆေးဝါးကင်းစင်သည့် ပြည်နယ် Drug Free State ဖြစ်ပေါ်လာစေရေးအတွက် မူးယစ်ဆေးဝါး ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာ၌ ကျန်းမာရေးနှင့်တရားရေးပိုင်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန်နှင့် မူးယစ်ဆေးဝါးပြဿနာသည် လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် ပြဿနာတစ်ရပ်ဖြစ်သည်နှင့်အညီ ပြည်နယ်အတွင်းမူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် အဆိုပါအခမ်းအနား တွင် တိုက်တွန်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌထံမှပေးပို့သည့် သဝဏ်လွှာကို ကရင်ပြည်နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်က ဖတ်ကြားပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြကာ ပြည်နယ်ဝန်ကြီးချုပ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံကြိုးစား ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုလက်မှတ်နှင့်ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ခင်ကျင်းပြသထားသော မူးယစ်ဆေးဝါးအသိပညာပေး ပြခန်းနှင့်မှတ်တမ်းဓာတ်ပုံများ၊ မှုခင်းပြခန်းယာဉ်ကို ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုနေမှုများကို  ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)