ကန့်ဘလူ ဇွန် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းးမ၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်ငလျင်ဘေးလက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးချမ်းဇော်နှင့် ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းတို့က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရေဘေး၊ လေဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေးအန္တရာယ်တို့၏ ဆောင်ရန်ရှောင်ရန် အချက်များနှင့်ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်အချက်များ၊ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများအကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ကိုင်တွယ်အသုံးပြုနည်းတို့ကို အကျယ်တဝင့် အသိပညာပေး ဟောပြောကြသည်။
ထို့နောက် မီးသတ်ဦးစီးဌာနနှင့်ကျန်းမာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက ငလျင်လှုပ်နေစဥ် ဝပ်၊ ကာ၊ ကိုင် ပုံစံဖြင့် နေထိုင်မှုပုံစံများ၊ လူနာသယ်ဆောင်ခြင်း၊ အခန်းတွင်းမှအပြင်သို့ ပြေးထွက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေပုံများကို သရုပ်ပြသခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြကြောင်းနှင့် သဘာဝဘေးအန္တရာယ်၊ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း