ပုသိမ် ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ အင်္ဂပူ-ညောင်ကျိုးလမ်းသည် မိုင် ၇/၄မှ ၇/၆အတွင်း ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြီးလမ်းသားပြိုကျခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူ-ညောင်ကျိုးလမ်း၊ မိုင်၇/၀-၈/၀အတွင်းငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြီးလမ်းသားပြိုကျပျက်စီးသွားမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) က လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး လမ်းအူကြောင်းသစ်ရှာဖွေခြင်းလုပ်ငန်းကို ဆောင်ရွက်ရာ လမ်းအူကြောင်း (၃) ခုလျာထားခဲ့မှုအခြေအနေများ၊ အင်္ဂပူ-ညောင်ကျိုးလမ်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် (၇ မိုင် ၃.၇၅ ဖာလုံ )အရှည်ရှိ ညောင်ကုန်း - ဝက်လဟာ -ကညင်တပင်လမ်းအားမြေသားတာဘောင်ချဲ့ခြင်း၊ အမာခံလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပေးမည်ဆိုပါက အချိန်တိုအတွင်းပြီးစီးနိုင်မည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှု လျင်မြန်စွာကောင်းမွန်လာနိုင်မည့် အခြေအနေများအားလည်းကောင်း၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက အင်္ဂပူ-ညောင်ကျိုးကားလမ်းဘက်သို့ နှစ်အလိုက် မြစ်ရေတိုက်စားကမ်းပြိုမှုဖြစ်ပွားခဲ့သည့် အခြေအနေများ၊ ကမ်းပြိုမှုမှ ထိရောက်စွာကာကွယ်နိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ရန်ပုံငွေတွင် လျာထားဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေရှည်အသုံးပြုနိုင်မည့်လမ်းကြောင်းအား သေချာစွာစိစစ်ရွေးချယ်နိုင် ရေးဆောင်ရွက်ရန်၊ ယာယီအရေးပေါ်ကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် အခိုင်အမာကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့စေရေးအတွက် ရှေးရှုဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ မကျီးစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား ကျောင်းပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ခြင်များပေါက်ဖွားနိုင်သည့် နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများ နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့ပြီး ဆရာ၊ ဆရာများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ နောက်မီး (အရှေ့) ကျေးရွာရှိ တောင်သူဦးစံထူးအောင်၏ စိုက်ဧက (၃၀) ဧကတွင် စိုက်ပျိုးထားသည့် နှမ်းနက်စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားမကျရောက်စေရေး၊ ရိတ်သိမ်းချိန်လေလွင့်မှုမရှိစေရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ခြင်များပေါက်ဖွားနိုင်သည့်နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့ပြီး ဆရာ၊ ဆရာများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများ၏ မိဘများနှင့်တွေ့ဆုံ၍ ကျောင်းအပ်နှံတက်ရောက်မှုအခြေအနေများ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိမ်းလန်းစိုပြေရေး စုပေါင်းဆောင်ရွက်ရန်၊ ကလေးငယ်များကျန်းမာရေး ကောင်းမွန်စေရေးအထားဆောင်ရွက်ရန်နှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်စေရေး အလေးထားဆောင်ရွက်ရန် အားပေးစကားများပြောကြားခဲ့သည်။
လှမင်းထွဋ် (ပြန်/ဆက်)