ဂန့်ဂေါမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ဂန့်ဂေါ ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)ပုံညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းက မူးယစ်ဆေးစွဲသူများ၏ လက္ခဏာများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များကို ဟောပြောခဲ့ကြပြီး  ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်း မိမိတို့ဌာနနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ပူးပေါင်းပါဝင် အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ၍ မူးယစ်ဆေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများကို ပြသခဲ့ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)မှ ကျောင်းအုပ်ဆရာကြီး ဦးရာထွန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း