နတ်တလင်း ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို အထောက်အပံ့ဖြစ်စေရန်၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုလျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင် ချစ်ခင်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီက သနပ်ကွင်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်လွင်စန်းတို့က တက်ရောက်လာသော ဌာနဆိုင်ရာများထံသို့ စိုက်ပျိုးမည့်ပျိုးပင်များပေးအပ်ခဲ့ပြီး ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် ကျွန်း (၂၅၀)ပင်၊ မန်ဂျန်ရှား (၂၅၀)ပင်တို့အား စုပေါင်းစိုက်ပျိုး ခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၃၅၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)