ဘိုကလေးမြို့နယ်တွင် တရားမဝင်ကုန်စည်များ ရောင်းဝယ်ဖောက်ကားမှု မရှိစေရေး ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ဘိုကလေး ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း၌ တရားမဝင်ကုန်စည်များ ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင်သိမ်းဆည်းခြင်း မရှိစေရေးအတွက် ယနေ့နံနက် (၁၀)နာရီ အချိန်၌ မြို့နယ်တွင်းရှိ လုပ်ငန်းများ၌ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်၊ အတွင်းရေးမှူး ရဲမှူးဟန်စိုးနောင်တို့နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ မြို့နယ်တွင်းရှိ စက်သုံးဆီဆိုင်များ၊ ကုန်စုံဆိုင်များ၊ အဖျော်ယမကာ လက်လီ၊ လက်ကားဆိုင်များ၌ တရားမဝင်ကုန်စည်များ ရောင်းဝယ်ဖောက်ကားမှု၊ သိုလှောင်သိမ်းဆည်းမှု ရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ပြီး လိုအပ်သည်များအား လုပ်ငန်းရှင်များထံ လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)