မကွေး ဇွန် ၂၆
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်း၊ တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာ ကျော်စိုးနိုင်နှင့် မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည် တာဝန်ရှိသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်းနှင့် သုတ/ရသစာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်း "ကံ့ကော်" ခန်းမ၌ ဆက်လက်ကျင်းပရာ မကွေးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မကွေးခရိုင်အုပ်ချုပ်ရေးမှုး ဦးမောင်ထူးက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show) ကို ဆက်လက်ကျင်းပရာ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို ဖော်ကျုးသည့် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးသားသော “သူ့ကျွန်မခံပြီ "ဝတ္ထုအပေါ် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသား/သူ(၄)ဦးတို့က စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်းနှင့် မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးတို့က အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show) တွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူလေးများအား ဆုချီးမြှင့်ခြင်းနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား၊ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် မကွေးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း(၄)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၂)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၅)ကျောင်းတို့မှ ကျောင်းသား/ ကျောင်းသူ(၇၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ သုတ/ရသစာအုပ်စာစောင်ပြခန်းတို့ဖြင့် ဇွန် ၂၅ ရက် မှ ၂၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)