မင်းဘူး ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦးက (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး၊ မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးက မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ ပြစ်မှု၊ ပြစ်ဒဏ်နှင့် ဥပဒေ အကြောင်းအရာများ၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က မူးယစ်ဆေးဝါးဆိုင်ရာသိကောင်းစရာနှင့် သုတ၊ ရသ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်း အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသောမေးမြန်ချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဇာတ်လမ်းတို Video Clip များကို ဖွင့်လှစ်ပြသကာ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အဆိုပါကျောင်းအတွက် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပြီးနောက် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် အသိပညာပေး နံရံကပ်ပိုစတာ၊ ပန်းချီ၊ ကာတွန်းများကို ပါဝင်ရေးဆွဲခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားအပြီးတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများက မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာ၊ ပန်းချီ၊ ကာတွန်း သိပညာပေး ပြဘုတ်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)