မော်လမြိုင်ကျွန်း ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုအေးက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို သိခြင်းအားဖြင့် ရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်လွဲ (၁) နာရီအချိန်က တောရ (အ.လ.က) ကျောင်းနှင့် မြို့မ (အ.လ.က) ကျောင်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောရာတွင် မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရရှိလာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေလေ့လာဖတ်ရှုကြရန်နှင့် စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသကြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
ရဲကိုမောင်(ပြန်/ဆက်)