သရက်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

သရက် ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက သရက်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေမျိုးပိုင်က “အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်ရမည့် မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း အမှတ် (၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(သရက်)မှ ဒုရဲမှူး ကျော်ဇောက မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရန် စည်းကမ်းများ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေများ အကြောင်းတို့ ဟောပြောပေးခဲ့သည်။

ထို့နောက် သရက်မြို့မ ရဲစခန်းမှူး ဒုရဲမှူး တင်အောင်မိုးက မူးယစ်ဆေးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု တားဆီးနှိမ်နင်းခြင်း ဆောင်ရွက်မှုများ ဟောပြောပေးခဲ့ပြီး သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများက မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)