ဘားအံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲပြုလုပ်

ဘားအံ ဇွန် ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေး (MANA)အသင်းတို့ပူးပေါင်း၍ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ဘားအံခရိုင် Community Centre တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေမှူး ဒေါ်စိုးစိုးအေးက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိ ပညာပေးဟောပြောပြီးနောက် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၀)ဦးတို့က “မူးယစ်ကင်းစင် အလှဆင်” ခေါင်းစဉ်ဖြင့် စာစီစာကုံးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု(၁)၊ အထူးဆု(၂) ရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန် /ဆက်)