သရက်ချောင်း ဇွန် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ၂၀၂၅ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တာဝန်ခံ ဒေါ်ကျော့ကျော့မိုးနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက တောင်သူများအား ငွေထုတ်ချေးရာတွင် လိုအပ်သည့်အချက်အလက်များနှင့် စည်းမျဉ်း၊ စည်းကမ်းများရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မိုးစပါးစိုက်ပျိုးစရိတ်ထုတ်ချေးရာတွင် ယခင်နှစ်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်သူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များမှ မော်ရှည်ကုန်းရပ်ကွက်နှင့် မြို့မရပ်ကွက်ရှိ တောင်သူ ၅၉ဦး၊ တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် စပါးစိုက် (၂၂၄)ဧကအတွက် ချေးငွေကျပ်(၄၈၆၀၀၀၀၀)သိန်းကို ထုတ်ချေးပေးခဲ့ပြီး မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် ကျေးရွာ(၅)ရွာအား ထုတ်ချေးပေးရန်စီစဉ်ထားရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ခံဒေါ်ကျော့ကျော့မိုးထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)