ဟုမ္မလင်း ဇွန် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (တာပတောင်းကျေးရွာ)တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ လူငယ်ရေးရာ အသိပညာပေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာဟုမ္မလင်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (တာပတောင်းကျေးရွာ)မှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မာချိုက အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်က ကျောင်းသား၊ ကျောင်းသူများ အသိပညာပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများကို ဖတ်ရှုလေ့လာကြရန် နှင့်ယခုကဲ့သို့ပြိုင်ပွဲများ လာရောက်ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးထွန်းထွန်းနိုင်က ရေကြီးရေလျှံဘေးအန္တရာယ်နှင့် နောက်ဆက်တွဲကျန်းမာရေး ပြဿနာများအကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်တို့၏ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ကြိုတင် ပြင်ဆင်သိရှိလိုက်နာဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပခဲ့ရာ၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၄) ဦးတို့က အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အဆိုပါပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပြီး ဟုမ္မလင်းမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
ထို့နောက်အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ဦးရေ (၂၀၀) ကျော်တို့က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)