ရွှေဘိုမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(မွမ်းမံ)ဆင်းပွဲ အခမ်းအနားကျင်းပ

ရွှေဘို ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာအတွက် အခြေခံပညာရပ်များကို မြှင့်တင်ပေးသည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(မွမ်းမံ)ဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁:၀၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလင်းထက်အောင်က သင်တန်းဆင်းအမှာစကား ပြောကြားရာ “သင်တန်းတွင် တက်ရောက်ခဲ့ကြ သည့် သင်တန်းသား/သင်တန်းသူများအနေဖြင့် လူသုံးကုန်ထုတ်လုပ်မှု နယ်ပယ်တွင် လုပ်ငန်းတည် ထောင်နိုင်ရန်နှင့် ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်နိုင်ရန်အတွက် သင်ကြားပေးခဲ့ပြီး သင်တန်းသားများအနေဖြင့်  သင်တန်းမှ သင်ကြားပေးလိုက်သည့် နည်းပညာနှင့်အတွေ့အကြုံများကို လက်တွေ့အသုံးချနိုင်ရန်အတွက် ကြိုးစားကြစေလိုကြောင်း” ပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက သင်တန်း ဆင်းလက်မှတ်နှင့် သင်တန်းထုတ်ကုန်များကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး သင်တန်းတွင် ထူးချွန်သည့် သင်တန်းသား(၅)ဦးအား သင်တန်းသုံးပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီးနောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၁၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၄)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)