ပွင့်ဖြူ ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဝါသီးနှံ ၁၄၀၂ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဝါသီးနှံ ၆၂၇၅ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၄၀၂ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ဝါသီးနှံစိုက်ဧက ၆၂၇၅ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ၁၄၀၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း စိုက်ပျိုးနေပါတယ်။ လျာထားစိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်သွားမှာပါ။ သီးနှံအထွက်နှုန်းတွေ တိုးတက်စေဖို့ တောင်သူတွေကို ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေကို ရွေးချယ်စိုက်ပျိုးနိုင်အောင် ပံ့ပိုးပေးနေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဝါသီးနှံစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး၊ ဝါသီးနှံဖြစ်ထွန်းအောင်မြင်စေရေး၊ သွင်းအားစုများ စနစ်တကျသုံးစွဲရေး စသည့် တောင်သူပညာပေးလုပ်ငန်းများကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတွက်ခြေကိုက်သည့် ချည်မျှင်ရှည်ဝါ၊ ရွှေတောင်(၈)၊ ရွှေတောင်(၁၀) စသည့် ဝါသီးနှံမျိုးများကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရကာ ယခုနှစ်တွင်လည်း ဝါသီးနှံစိုက်ပျိုးခြင်းကို သတ်မှတ်လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဝါသီးနှံကို အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ပါက ဒေသတွင်း သုံးစွဲမှုဖူလုံစေရုံမျှမက ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ဝါသီးနှံကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)