ပွင့်ဖြူ ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၁၂၉၉၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် နှမ်း ၂၄၇၂၀ ဧက စိုက်ပျိုးရန်လျာထားပြီး ဇွန်လပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၂၉၉၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း နှမ်း ၂၄၇၂၀ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ၁၂၉၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ နှမ်းစိုက်ပျိုးတာနဲ့ပတ်သက်ပြီး အထွက်နှုန်းကောင်းမွန်ဖို့နဲ့ အရည်အသွေးကောင်းဖို့အတွက် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းတွေကို ကြိုးပမ်းဆောင်ရွက်ပေးသွားမှာပါ" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်းရှိ နှမ်းစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက လျာထားစိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများကောင်းမွန်စေရေး၊ ဒေသနဲ့ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များမှန်ကန်ရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နှမ်းကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ နှမ်းကို တိုးချဲ့စိုက်ပျိုးနိုင်အောင် ဒေသမရွေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရှိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)